Wednesday, February 19, 2014

၈။ ကျောက်ဖျာရွေ့လျားစေခဲ့သော ကောင်းမှုများ

       ဟဇရသ် အဗ်ဒွိလ္လာဟ်ဗင်န်အုမရ်( ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ အသင်တို့အလျင် အွမ္မသ်တစ်ခုမှ ပုဂ္ဂိုလ်သုံးဦးရှိခဲ့သည်။ ၎င်းတို့သုံးဦးသားအတူတကွ ခရီးထွက်ခဲ့ကြသည်။ (ဤသို့သွားရင်း ညရောက်လာသောအခါ) စခန်းချတည်းခိုရန်အတွက် ဂူတစ်ဂူထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ထိုအခိုက်တွင် တောင်ပေါ်မှ ကျောက်ဖျာကြီးတစ်ခု လျောကျလာပြီး ဂူဝအား ပိတ်ဆို့သွားခဲ့သည်။ (ဤအခြေအနေကို ကြည့်ပြီး ၎င်းတို့သုံးဦးသည် ဤကျောက်ဖျာကြီး ပိတ်ဆို့ခံရမှုမှ လွတ်မြောက်ရန်အတွက် မိမိတို့အသီးသီး ပြုခဲ့ကြသော ကောင်းမူများကို အကြောင်းပြု၍ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ) ထံ ဒိုအာ ပြုကြရန် တိုင်ပင်ကြရသည်။ ထို့ကြောင့် ၎င်းတို့အသီးသီးသည် မိမိတို့ပြုခဲ့ကြသော ကောင်းမူများကို အကြောင်းခံ၍ ဒိုအာပြုကြသည်။
       ၎င်းတို့အထဲမှ တစ်ဦးသည် (အိုအလ္လာဟ်) (အရှင်မြတ်သိတော်မူပါသည်။) ကျွန်တော်မျိုး၏ မိဘနှစ်ပါးသည် အသက်အရွယ်အိုမင်းရင်ရော်နေပါသည်။ ကျွန်တော်မျိုးသည် မည်သည့်အခါမျှ ဤမိဘနှစ်ပါး ထက်ဦး၍ မိမိမိသားစုနှင့် ကျွန်များကို နို့မတိုက်ခဲ့ပါ။ တစ်နေ့တွင် ကျွန်တော်မျိုးသည် ပစ္စည်းတစ်ခုကို ရှာဖွေရင်း အဝေးသို့ထွက်သွားခဲ့ပါသည်။ ကျွန်တော်အိမ်ပြန်ရောက်သောအခါ မိဘနှစ်ပါးစလုံးမှာ အိပ်ပျော်နေပါသည်။ (သို့တိုင်အောင်) ကျွန်တော်မျိုးသည် ယင်းမိဘနှစ်ပါးသောက်သုံးရန် နို့ညှစ်၍ ယူလာသောအခါ ၎င်းတို့မှာ ယခုတိုင် အိပ်မောကျနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ကျွန်တော်မျိုးကလည်း ၎င်းတို့အား မနှိုးသည် သာမက ၎င်းတို့ မသောက်သုံးမီအလျင် မိမိ မိသားစုနှင့် ကျွန်များကို တိုက်ရန်လည်း ဆန္ဒမရှိချေ။ သို့ဖြင့် ကျွန်တော်မျိုးသည် ဤနို့ခွက် ကိုကိုင်ပြီး ၎င်းတို့၏ ခေါင်းရင်းဘက်ရပ်၍ မိဘနှစ်ပါး နိုးထမည့် အချိန်အထိ စောင့်ဆိုင်းခဲ့ရာ နံနက်မိုးလင်းသောအခါမှသာ မိဘနှစ်ပါး နိုးလာခဲ့သည်။ ထိုအခါမှ ညက မတိုက်ရဘဲ ကျန်ခဲ့သော နို့ကို မိမိ၏ မိဘနှစ်ပါးအား တိုက်ကျွေးခံသည်။ ယာအလ္လာဟ် ကျွန်တော်မျိုးသည် ဤကောင်းမှုကို အရှင်မြတ် ကျေနပ်နှစ်သက် စေရန်အတွက် ရည်စူး၍ ပြုလုပ်ခဲ့သည်ဖြစ်မှု ကျွန်တော်မျိုးတို့ ဤကျောက်ဖျာပိတ်ဆို့ခံ၇မှု ကြောင့်ခံစားနေရသော ဒုက္ခမှ လွတ်မြောက်ခွင့် ချီးမြှင့်တော်မူပါဟု ဒိုအာပြုသည်။
       ဤဒိုအာကြောင့် ကျောက်ဖျာကြီးသည် အနည်းငယ်ပွင့်ဟသွားခဲ့သည်။ သို့ရာတွင် ၎င်းတို့အပြင် ထွက်နိုင်လောက်အောင် မပွင့်ဟသေးချေ။
       တမန်တော်မြတ် (ဆွလ္လ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ ဒုတိယ ပုဂ္ဂိုလ်ကလည်း ယာအလ္လာဟ် ကျွန်တော်မျိုးသည် ဦးလေး၏ သမီး(တစ်ဝမ်းကွဲညီမ) အားလွန်စွာချစ်မြတ်နိုးပါသည်။ (တစ်ကြိမ်တစ်ခါ၌) ကျွန်တော်မျိုးသည် မိမိရာဂဖြည့်ဆည်းရန်အတွက် ဆန္ဒထားခဲ့သော်လည်း သူမက အခွင့်အရးမပေးခဲ့ပါ။ သို့ရာတွင် တစ်ကြိမ်သောအခါ၌ မိုးခေါင်ရေရှား ကပ်ဆိုက်ရောက်လာလေရာ သူမသည် ကျွန်တော်မျိုးထံသို့ အကူအညီတောင်းရန် အခြေအနေသို့ ဆိုက်ရောက်လာလေတော့သည်။ ကျွန်တော်မျိုးကလည်း သူမအား ရွှေဒဂါး(၁၂၀) ပေးရန်အတွက် အဖော်မပါဘဲ တစ်ဦးတည်းလာရန် စည်းကမ်းသတ်မှတ်လိုက်လေသည်။ ကျွန်တော်မျိုးစောင့်မျှော်ခဲ့သော အခွင့်အေ၇းမှာ ဆိုက်ရောက်လာခဲ့ ပြီဖြစ်သည်။ သူမသည် ကျွန်တော်မျိုး၏ လက်ခုပ်ထဲရောက်လာပြီး ကျွန်တော်မျိုး၏ ဆန္ဒဖြည့်ဆည်းတော့မည့် အချိန်တွင် သူမက အသင်သည် ဤ အပျိုရည်ကို မတရားသောနည်းဖြင့် ချေဖျက်ပစ်ရန် မလုပ်ဆောင်သင့်( အသင့်အတွက် ဟလာလ် မဟုတ်) ဟု ကျွန်မ ထင်ပါသည်ဟု ပြောဆိုသည်။ (ဤစကားကိုကြားပြီး) ကျွန်တော်မျိုးသည် မကောင်းကြံသော ဆန္ဒမှ နောက်ဆုတ်လိုက်ပြီး သူမအားအလွန် ချစ်မြတ်နိုးသော်လည်း သူမအနီးမှ ခွဲခွာလိုက်သည်သာမက ရွှေဒဂါးများကိုလည်း ပြန်၍မယူတော့ချေ။ ယအလ္လာဟ် အကယ်၍ ကျွန်တော်မျိုးသည် ဤအမှုကိစ္စကို အရှင်မြတ် ကျေနပ်နှစ်သက်စေရန်အတွက် ပြုခဲ့သည်ဖြစ်ပါမှု ကျွန်တော်မျိုး တို့အား ဤဒုက္ခမှ ဖယ်ရှားပေးသနားတော်မူပါဟု ဒိုအာပြုသည်။
     ထိုအခါ ကျောက်ဖျာကြီးမှာ အနည်းငယ်ထပ်၍ ပွင့်ဟသွားခဲ့ပြန်သည်။ သို့တိုင်အောင်လည်း ၎င်းတို့သုံးဦးသားမှာ အပြင်သို့မထွက်နိုင်သေးချေ။
      တတိယပုဂ္ဂိုလ် ကလည်း ယာအလ္လာဟ်၊ အလုပ်သမားအချို့ကို ကျွန်တော်မျိုး ငှားရမ်းစေခိုင်းခဲ့ပါသည်။ ပြီးနောက် လုပ်အားခများကိုလည်း ပေးချေခဲ့ပါသည်။ သို့ရာတွင် အလုပ်သမား တစ်ဦးမှာမူ မိမိလုပ်အားခကို မယူလဲ ထွက်သွားခဲ့ပါသည်။ ကျွန်တော်မျိုးသည် ဤလုပ်အားခငွေကို လုပ်ငန်းတစ်ခုတွင် ရင်းနှီးမြုပ်နှံ၍ လုပ်ကိုင်ခဲ့ရာ အမြတ်အစွန်းများစွာ တိုးပွားခဲ့ပါသည်။ အချိန်ကာလ အတော်ကြာသောအခါ တစ်နေ့ထိုအလုပ်သမားသည် ကျွန်တော့ထံသို့ ပြန်လာ၍ အိုအရှင့်ဗန္ဒဟ် ကျွန်တော်အား လုပ်အားခငွေကို ပေးပါဟုတောင်းရာ ကျွန်တော်မျိုးကလည်း အသင်မြင်ရသော ကျွန်များ၊ ကုလားအုတ်များ၊ နွားများ ဆိတ်များ အားလုံးသည် အသင်၏လုပ်အားခပင်ဖြစ်သည်။ ဆိုလိုသည်မှာ အသင့်၏ လုပ်အားခငွေကို ရင်းနှီးလုပ်ကိုင်ခဲ့ရာ ဤအကျိုးအမြတ်မား အားလုံးကို ရရှိခဲ့ပါသည် ဟိုဆို၏။ ထိုအခါ ယင်းအလုပ်သမားက အိုအ၇ှင့်ဗန္ဒဟ် ကျွန်တော်မျိုးအား မကျီစယ်ပါနှင့်ဟု ဆိုရာ ကျွန်တော်မျိုးကလည်း ကျီဆယ်နေခြင်းမဟုတ်ကြောင်းနှင့် အမှန်ပင် ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။ ထိုအခါ (ကျွန်တော်မျိုးရှင်းပြပြီးနောက်မှ) ယင်းအလုပ်သမား ကလည်း ယင်း ဥစ္စာပစ္စည်းအားလုံးကို တစ်ခုမျှပင် ချန်မထားဘဲ အကုန်ယူသွားခဲ့ပါသည်။ ယာအလ္လာဟ် အကယ်၍ ကျွန်တော်မျိုးသည် ဤမူကိစ္စကို အရှင်မြတ် ကျေနပ်နှစ်သက်စေရန်အတွက် သာရည်စူး၍ ပြုကျင့်ခဲ့ခြင်းဖြစ်ပါမူ ကျွန်တော်မျိုးတို့အား ဤခံစားနေရသော ဘေးဒုက္ခမှ ကယ်မတော်မူပါဟု ဒိုအာပြုလိုက်ရာ ကျောက်ဖျာကြီးမှာ လုံးဝရွေ့လျားသွားခဲ့သည်။ (ဂူအဝ လည်းပွင့်သွားခဲ့သည်) ထိုအခါမှ ၎င်းပုဂ္ဂိုလ်သုံးဦးစလုံးလည်း ဂူအပြင်ဘက်သို့ ထွက်လာခဲ့ကြသသည်။( ဗုခါရီ)

No comments:

Post a Comment